မေး - ကိုမျိုးကျော့ရဲ့ One Man Show ဖျော်ဖြေပွဲအယ်ဘမ်ကို ဘယ်တော့လောက် ပရိသတ် လက်ထဲထည့်ဖို့ စိတ်ကူးထားပါသလဲ။
ဖြေ-ပရိုဂျူဆာအနေနဲ့ အရိပ်အခြည် ကြည့်နေတယ်နဲ့ တူပါတယ်။ ဒီနှစ်မှာ ချက်ချင်းကြီးတော့ ထွက်ဖြစ်မှာ မဟုတ်သေးဘူး။
မေး - ဒီနှစ်ထဲထွက်မယ့် ကိုမျိုးကျော့စီးရီးကို အွန်လိုင်းကနေ ဖြန့်ချိမယ်ဆိုတာ ဘယ်လိုပုံစံမျိုးကို ဆိုလိုတာလဲ။
ဖြေ- အွန်လိုင်းကဖြန့်မယ်ဆိုတာက Audio ကို အွန်လိုင်းက တစ်နေရာမှာတင်ပေးပြီးFree Down loadလုပ် လို့ရအောင် ပေးထားမယ်။ ဗီစီဒီ၊ ဒီဗီဒီကျမှ ဖြန့်ပြီးရောင်းဖို့ အရင်က စိတ်ကူးထားတာပါ။ မသေချာသေးဘူး။ ဒါပေမယ့် ဒီနှစ်ထဲမှာတော့ ခွေထွက်နိုင်အောင် လုပ်နေတယ်။
မေး - ကိုမျိုးကျော့ရဲ့ ပစ္စုပ္ပန်စီးရီးက Lifestyle အပြောင်းအလဲနဲ့အတူ ပြောင်းလဲသွားတဲ့ခံယူချက်၊ ရှုထောင့်တွေကို တွေ့ မြင်ရမှာလား။
ဖြေ- အရင်က ကျွန်တော်က ကိုယ်လုပ်တဲ့ ဂီတအပေါ်ကို အရမ်းအချိန်ပေးခဲ့ပါတယ်။ သီချင်းတစ်ပုဒ်ကိုရေး ရင်ရော၊ ရေးပြီးတီးရင်ပါ ကိုယ်တိုင်လုပ်ရမှ၊ ပြီးလို့အချောဆိုလည်း ကိုယ်တိုင်ပဲ၊ အားလုံးပြီးသွားပြီဆိုရင် တစ် ပတ်လောက်ကားထဲမှာ အကျယ်ကြီး ဖွင့်ပြီးနားထောင်ကြည့်ရမှ၊ အဲလိုမျိုး သီချင်းအပေါ် အရမ်းခံစားခဲ့တဲ့ဘ၀။ ဒါပေမယ့် အိမ်ထောင်ပြုလိုက်တော့ လူ့ဘ၀ဆိုတာ ဂီတတစ်ခုတည်းနဲ့လည်း မပြီးသေးဘူး၊ မိသားစုဘ၀ ဆိုတာလည်း တည်ဆောက်ရမယ်။ ပြီးတော့ ကိုယ့်အသက်အရွယ်၊ ကိုယ်ဖြတ်သန်းထားတဲ့ အဟုန်နဲ့လုပ်ရမယ့် အရာတွေ၊ ဦးစားပေးရမယ့်အရာတွေ ကိုလည်း သိလာတယ်။ အဲဒီအတွက် ပစ္စုပ္ပန်စီးရီးကတော့ ကျွန်တော့ရဲ့ လက်ရှိအကြောင်းတွေ၊ ကျွန်တော့်သွားနေတဲ့ ဂီတတွေကိုပြထားပါတယ်။
မေး- အခုတစ်ကိုယ်တော်ခွေနဲ့ နောက်ဆုံးလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ရှိုးအကြား ကွယ်ပျောက်နေချိန်မှာ ဘာတွေကိုလုပ်ကိုင်ဖြစ်ခဲ့ပါသလဲ၊
ဖြေ- ရှိုးဆိုတာမျိုးတွေပဲ မလုပ်ဖြစ်တာပါ။ သီချင်းနဲ့ ပတ်သက်လို့ကတော့ ပုံမှန်ကိုယ့်ဘာသာကိုယ်လုပ် ဖြစ်ပါတယ်။
မေး- အခုနောက်ပိုင်းမှာ နည်းပညာတွေကို အဓိကသုံးစွဲပြီး အသံသွင်းတာကအစ အသံပြုပြင်တာမျိုးတွေကြောင့် ဂီတနယ်ပယ်မှာ ဘယ်လိုရလဒ်မျိုးတွေ ရရှိနိုင်တယ်လို့ မြင်မိပါသလဲ။
ဖြေ- ကျွန်တော်တို့ခေတ်၊ကိုညီထွဋ် တို့ခေတ်တုန်းကလည်း အသံမသွင်းခင်မှာ သီချင်းတွေကို တိပ်ခွေလေးနဲ့အကြမ်းဆိုတာ၊ တီးတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့သီချင်းကို တကယ့်ပရိသတ် လက်ထဲပို့တော့မယ်ဆိုရင် ကိုယ့်သီချင်းကို ဘယ်လိုဖန်တီးမယ်၊ ဘယ်လိုတင်ပြမယ်၊ ဘယ်ဟာကို အရင်ပြမယ်ဆိုတဲ့ သီချင်းကို စနစ်တကျဖြစ်အောင် လုပ်ပေးတဲ့ အသံဖမ်းအင်ဂျင်နီယာနဲ့ တိုင်ပင်ပြီးလုပ် ကြတယ်။ ခုလည်းလုပ်တဲ့ လူတချို့ ရှိကြပါတယ်။ ဒါပေမယ့် ခုချိန်မှာ နည်းပညာတွေက အရမ်းတိုးတက်လာပြီး ကွန်ပြူတာရှိရင်ပဲ သီချင်းတီးလို့ ရတယ်။ တချို့ဆိုအသံသွင်းတာ လည်းကိုယ့်အိမ်မှာပဲ သွင်းလိုက်လို့ရတဲ့ အခါမျိုးမှာ အသံဖမ်းအင်ဂျင်နီယာနဲ့ တိုင်ပင်ပြီး သီချင်းတစ်ပုဒ်ကို စနစ်တကျ ဖန်တီးလုပ်ကိုင်တာမျိုးတွေ နည်းလာပါတယ်။ လူငယ်တွေမှာ ပါရမီတွေ ရှိကြပါတယ်။ မထင်ထားလောက်အောင် ဖန်တီးနိုင်မှုလည်းရှိတယ်။ အသစ်တွေ ဖော်ထုတ်နိုင်တယ်။ ဒါပေမယ့်ကိုယ့်သီချင်းတွေကို ပရိသတ် ရှေ့ပို့မယ်ဆိုရင်တော့ ညက်ညက်ကလေးနဲ့ တင်ပြချင်တဲ့ပုံသဏ္ဍာန်ကို ရောက်ဖို့အတွက် ကျွမ်းကျင်တဲ့အသံဖမ်း အင်ဂျင်နီယာတွေနဲ့ လုပ်သင့်ပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဂီတစစ်စစ်တစ်ခု ဖြစ်လာဖို့အတွက် စနစ်တကျလုပ်ရတာမျိုးပါ။ ဒီလိုမျိုးလုပ်ပါများလာရင် ဂီတလောကမှာ အပေါက်ကလေးတွေ ဖြစ်လာတာပေါ့။ မကြီးသေးခင်မှာ စနစ်တကျလုပ်ဖို့တော့ လိုပါတယ်။
မေး- ကိုမျိုးကျော့က စာသားတွေကိုအရမ်း ညက်ညောတာမျိုးတွေ အဓိက သုံးစွဲတာတွေ့ရပါတယ်။ ကိုမျိုးကျော့ရဲ့ သီချင်းရေးသားတဲ့ အခါမှာထားရှိတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ- ကျွန်တော်အမြင်က ဂီတဆိုတာက တီးလုံးအနေအထားနဲ့ တင်ပြပုံကကြမ်းချင်ကြမ်းနေမယ်။ ဒါပေမယ့် ဒီဂီတကနေ လူတွေရဲ့စိတ်မှာ၊ ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေ၊ ဖွင့်ထုတ်ချင်တဲ့ ခံစားမှုတွေကို တီးလုံးတွေ၊ စာသား တွေပေါ်ကနေ ပြန်ရရှိပြီး ကျေနပ်မှု တစ်ခုပေးရမယ်။ ဒါမှလည်း သူတို့အတွက် ဂီတကဖျော်ဖြေမှု ဖြစ်စေမယ်လို့ ထင်တယ်။ ဒါကြောင့် စကားလုံးတိုင်းမှာ အဓိပ္ပာယ်ထည့်နိုင်ပြီး နူးညံ့တာမျိုးကို ရွေးချယ်သုံးစွဲတာပါ။
မေး- အသက်အရွယ်၊ ကိုယ့်အနေအထားကြောင့် ရှိုးတွေ၊ စီးရီးထွက်ရှိမှုတွေမှာ ပိုမိုရွေးချယ်လာရတယ်လို့ ထင်ပါသလား။
ဖြေ - ကျွန်တော့်ပုံစံအတိုင်း သွားနေတာပဲ။ အဲဒီမှာမှ အသက်အရွယ်၊ ကိုယ့်အရှိန်နဲ့ ကိုယ်လုပ်သင့်တာကို ပြောင်းပြောင်း လုပ်သွားတဲ့သဘောပါ။ ကျွန်တော်က သီချင်းဆိုရမှ မဟုတ်ပါဘူး၊ စင်မြင့်ထက်မှာ ဆိုနေရတဲ့သူတွေကို ကူညီနေရလည်း ကျေနပ်တဲ့လူပါ။
မေး - ကိုမျိုးကျော့ပြောတဲ့ မျိုးကျော့ရဲ့ ဂီတပုံစံရဲ့ Goal က ဘယ်လိုပုံစံများလဲ။
ဖြေ - အသံနဲ့တင်မဟုတ်ဘဲ အရုပ် နဲ့ တင်ပြတာမျိုးလည်း ပါနိုင်ပါတယ်။