Showing posts with label Byte. Show all posts
Showing posts with label Byte. Show all posts

Sunday, March 2, 2008

[Happiness is...] Song of the moment


မျက်လုံးတွေထဲ မင်းပြောတဲ့ စကားသံများရယ်
နှုတ်ခမ်းပေါ်က နေ မင်း...ပြောပါဦး
ဘာကြောင့်တွေ့တိုင်း ရှောင်တိမ်းလို့ သွားမလဲကွယ်
မျက်ရည်ဝဲရုံလေး...နဲ့တော့ မပြောနဲ့အချစ်ရယ်

ထာဝရအတွက် နှုတ်ဆက်တဲ့ စကားသံများရယ်
ကိုယ်မယုံဘူးအချစ်လေး တကယ်ယုံလို့မရ
ဘယ်သောအခါများ ရင်ထဲက အဖြစ်အပျက်တွေ
အခါခါ ရမ်းနေတဲ့ သူ့ခေါင်းထဲ ရှိပါ့မလဲကွယ်


လိုအပ်ချက်များ မင်းအတွက်ရှိလိမ့်မယ်
အခက်အခဲတွေကြား တစ်ချိန်မှာ ပြည့်စုံလာမယ်
ပျော်မြူးနေတဲ့ မင်းအပြုံးလေး မဲ့သွားအောင်
ခံစားမှုများ ကိုယ်ဘာမှ မပြခဲ့

မပြေလည်တဲ့ အရာတွေ တို့နှစ်ယောက်အတူတူ ဖြေရှင်းမယ်
အားတင်းထားပါ လူတိုင်းဘ၀ရဲ့အဓိပ္ပါယ်ပဲ
မသေချာတဲ့နေရာ မင်းထွက်သွားမှာ ကိုယ်စိုးတယ်
ကိုယ့်အချစ်ထက် ပိုလို့ ဘာမှ စိတ်မချဘူး

မျှော်လင့်ခြင်းတွေဟာ ကိုယ့်ရဲ့နေ့တွေကို တည်ဆောက်တယ်
မင်းလေးပြုံးရင် ... ဒီဘ၀ အမြဲလှပနေမယ်
ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ညတွေမှာ အိပ်မက်ဆဲ
မင်းလေးမရှိရင် ... ဒီအိပ်မက်တို့ ပျောက်ကွယ်မယ်


Dedicated especially to my love and my bro
Song text taken from Emotional Corner
Poem & Design: PT @ Lan-O-Lay

Monday, February 25, 2008

Re-uploaded by request

It was a bit late to notice a request in the comment to re-upload an album from my old MyoKyawtMyaing.com post at the very beginning of the blog. Now the dead link fixed.

Saturday, February 23, 2008

လူဖြစ်ရတဲ့ ... အချိန်တွေကို ဖျက်ဆီးခဲ့


လူဖြစ်ရတဲ့ ....



ငယ်ရွယ်သူတွေဟာ နုပျိုတဲ့အချိန်တွေကို ဖျက်ဆီးခဲ့ကြတာပါပဲ



Video credit : BurmeseClassic
Poem credit : Lan-O-Lay (Originally printed in ThaRaPhu Magazine Feb '04)

Thursday, December 27, 2007

နေရာတိုင်းမှာ...မင်းရှိတယ်



ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ နှလုံးသားရဲ့ နေရာတိုင်းမှာ ...


ဒီသီချင်းကို စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ပထမဆုံး စဆိုခဲ့ပါတယ်။ မျိုးကျော့မြိုင်က ကမ်းစပ်က ခြေရာများ(၁)မှာ Lazy Club ၀ိုင်းနဲ့ Live Show ပြန်ဆိုခဲ့ပါတယ်။ သီချင်းကို Rapperကြီးက Alternative ပုံစံနဲ့ liveဆိုသွားတာပါ။ အမှန်အတိုင်း ပြောရရင် စစနားထောင်ချင်းမှာ နားသိပ်မ၀င်လှပါဘူး။ ဗိုလ်ထီးဆိုခဲ့တာကို ငယ်ငယ်ကထဲက ကြိုက်ခဲ့တာကိုး။ နောက်မှ တဖြေးဖြေး နားထောင်ရင်းနဲ့ နားစွဲသွားပါတယ်။ မျိုးကျော့မြိုင် ဆိုထားတာ emo-punk ဆန်တယ်လို့ ခံစားမိတယ်။

ဒီသီချင်းအကြောင်းကို အရင်က မျိုးကျော့မြိုင်ကာဗာတေးများ(၁) မှာ ရေးခဲ့ဖူးပါတယ်။ အခု နည်းနည်း ထပ်ဖြည့် ရေးချင်လို့ပါ။ တစ်နေ့က ဖိုင်တွေရှင်းရင်းနဲ့ အမ်ပီ၃ဖိုင်တစ်ခု သွားတွေ့ပါတယ်။ အဲဒီ့တော့မှ ဘိုဖြူပါ နေရာတိုင်းမှာကို ပြန်ဆိုထားဖူးတာ သိရပါတယ်။ ဒီဖိုင်လေးက ရှေ့ပိုင်းမှာ ဘိုဖြူ ဆိုသွားတာကို နောက်ကနေ စိုင်းထီးဆိုင် မူရင်းဗာရှင်နဲ့ ပြန်ဆက်ထားတာပါ။ ဘယ်ကနေ ရခဲ့တာမှန်းတော့ မမှတ်မိတော့ပါဘူး။ အသံ ကွာလတီကလဲ နဲနဲနိမ့်နေပါတယ်။ ဘာပဲဖြစ်ဖြစ်လေ...

ဝေဖန်စရာ မရှိပေမယ့် စိုင်းထီးဆိုင် - ဘိုဖြူ - မျိုးကျော့မြိုင် တွဲပြီး နားထောင်မိပါတယ်။ နှိုင်းယှဉ်တာ မဟုတ်သလို နှိုင်စရာလဲ မလိုပါဘူးလေ။ စာသားကအစ နုနုလှလှနဲ့ ဟိုးအရင်ကထဲက ကြိုက်ခဲ့တဲ့သီချင်း ... အခု တစ်ယောက် တစ်မျိုးစီ (၃)ယောက်စလုံး ဆိုထားတာကိုလည်း ကြိုက်မိတယ်။ စကားလုံးအနုလေးတွေ ရိုးရိုးရှင်းရှင်းလေး ဖွဲ့ဆိုထားတဲ့ ဒီသီချင်းလိုမျိုးကို ဘယ်လိုပဲ ပုံစံပြောင်းဆိုဆို ချစ်စရာ ကောင်းနေမှာပါပဲလေ..

နေရာတိုင်းမှာ - ဘိုဖြူ+စိုင်းထီးဆိုင်
နေရာတိုင်းမှာ - မျိုးကျော့မြိုင်


ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ အချစ်ဆုံးရဲ့ အနံ့အသက်ကို ယူခဲ့ပြီ
နေ၀င်ချိန် အိပ်တန်းတက် ငှက်ကလေးတွေ အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီ

နေခြည်တွေ ခြုံလွှမ်းတဲ့ မနက်ခင်းမှာ အချစ်ဆုံးရဲ့ အနွေးဓာတ်ကို ပြန်ရပြီ
လေပြေကလေး ဆော့ကစားတဲ့ ညချမ်းမှာ အချစ်ဆုံးရဲ့ အထိအတွေ့ကို ပြန်တွေ့ပြီ

ဘယ်ဆီကို ရောက်လို့လေ ဘယ်လောက်ပဲ ဝေးရလည်း ဘယ်တော့မှ အထီးကျန်မဆန်ခဲ့
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ ကိုယ့်ဘ၀ရဲ့ နေရာတိုင်းမှာ မင်းရှိတယ် ...

လူတွေက ကိုယ်တို့နှစ်ယောက် ခွဲရလို့ အကုန်ဝိုင်းပြီး သနားကြတယ် အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ ဘာတစ်ခုမှ မရှိတော့တာ မသိဘူးရယ် ...

Sunday, December 23, 2007

ဟိုးအရင်က သီချင်းလေးတစ်ပုဒ်


ဘာရယ်တော့ မဟုတ်ပါဘူး ... သီချင်းလေးတစ်ပုဒ် အမှတ်ရမိလိုက်လို့ပါ ... စကားမစပ်
မျိုးကျော့မြိုင်ရယ်လို့ ရက်ပ်ပါတစ်ယောက် အဆိုတော်မဖြစ်ခင်တုန်းကပေါ့ ... ကျနော်လဲငယ်ငယ်က
မျိုးကျော့မြိုင့်ကို တေးရေးတစ်ယောက်အနေနဲ့ သတိထားမိဖူးတယ်... သူများအခွေတစ်ချို့မှာ
အခု သူအရင်က ရေးဖူးတဲ့ သီချင်းလေးတစ်ပုဒ်ကို ပြန်နားထောင်ချင်တယ်.. ရှာတယ်မတွေ့
နွဲ့ယဉ်ဝင်းရဲ့သား မျိုးမျိုးရဲ့ ပထမဆုံးစီးရီးထဲက သီချင်းလေးတစ်ပုဒ်ပါ ... အခွေနာမည်က “မေ”
မျိုးမျိုးအခွေမှာ ရေးပေးဖူးတဲ့ ပျော်ရမယ် သီချင်းကို မျိုးကျော့မြိုင် ပြန်ဆိုထားသေးတယ်... အခု
ပြန်နားထောင်ချင်တယ်.. သိရင်.. ရှိရင်.. တွေ့ရင်.. ပြောကြပါနော်... သီချင်းလေးက “Orchard ည”
ညလေးတစ်ညအကြောင်း... မျိုးကျော့မြိုင် ရေးခဲ့တဲ့သီချင်း... ပီယာနိုလေးနဲ့ အနှေးသွားလေး..
မြို့လေးတစ်မြို့ရဲ့ လမ်းမကြီးတစ်ခုပေါ်မှာ ... ....

Orchard ည ...
Orchard ည ...
Orchard ည ...

Thursday, November 8, 2007

ကိုယ့်အကြောင်းတွေသတိရရင်

ဒါဆိုလည်း ပြည့်စုံသွားအောင် ဖြည့်ပေးလိုက်မယ်နော် ... လိုနေတဲ့ သီချင်းတစ်ပုဒ် ...

ကိုယ်အကြောင်းတွေ သတိရရင်


လူ တွေ က သိပ်ပြောတယ်
ကြင် နာ သူ သူ့အကြောင်းလေး
အို အဆိုးတွေ အဆိုးတွေ အများကြီး
ကိုယ့်နား ထုံသွားအောင် ကိုယ်ကြားပြီး

ဘယ် အခါ ကိုယ်မမေ့သေးတဲ့
ကြင် နာ သူ သူ့အပြုံးလေး
ဟိုအပြုံး ဒီအပြုံးတွေ သတိရ
ဆင်ခြင်ဖို့ ဆိုတာ ဝေးလွန်းတယ် ကိုယ့်နှလုံးသား

ဘယ်နေရာမှာရှိလိမ့်မလဲ ကိုယ်ကိုယ်တိုင်လဲမသိတယ်
ဒီတစ်နေ့လုံး ဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း
ဘယ်သူနဲ့မင်းရှိမလဲ ဘယ်ရင်ခွင်မှာအိပ်စက်မလဲ
ကိုယ်မသိဘူး မဆိုင်ပါဘူး မင်းလေး ... ကိုယ့်ကိုသတိရ .. ပြီးတာပဲ


သူ ပြန် လာမလားလို့
ကိုယ် အိမ် ရှေ့တံခါးလေး
အို အမြဲ ဖွင့်ထားတယ် လာခဲ့ပေါ့
ကိုယ့်အကြောင်းတွေ သတိရရင် လာခဲ့ပေါ့ ...

ဘယ်နေရာမှာရှိလိမ့်မလဲ ကိုယ်ကိုယ်တိုင်လဲမသိတယ်
ဒီတစ်နေ့လုံး ဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း
ဘယ်သူနဲ့မင်းရှိမလဲ ဘယ်ရင်ခွင်မှာအိပ်စက်မလဲ
မလိုချင်ဘူး မဆိုင်ပါဘူး

မင်းလေး ... ကိုယ့်ကို ... သတိရ ... ပြီးတာပဲ

ပြီးတာပဲ... ပြီးတာပဲ... ပြီး .. တာ .. ပဲ .

မျိုးကျော့မြိုင် တစ်ကိုယ်တော် ပီယာနို၊ ရစ်သမ်ဂစ်တာနဲ့ အာကူးစတစ် ဆန်ဆန်ဆိုထားတဲ့ သီချင်းပါ.. နောက်မှ ခေါင်းစဉ်ပြောင်းပြီး ကဗျာဘွဲ့မှူးနဲ့ စုံတွဲပြန်ဆိုထားပေမယ့် ဒီဗားရှင်းလဲ တစ်မျိုးနားထောင်လို့ ကောင်းပါတယ်.. အခုတင်ထားတဲ့ ဖိုင်ဟာ ကွာလတီသိပ်မကောင်းလို့ အသံနဲနဲလေးတော့ စူးနေတယ်... မအိပ်ခင်လေး သတိရလို့ ရေးလိုက်တာပါ.. သတိရနေမိလို့... ကောင်းသောညပါ မနက်ခင်းလေးရေ..

Monday, November 5, 2007

VIRUS !


အစီအစဉ်မကျ ဖွင့်ထားတဲ့ Winamp Playlist ကနေ နားမထောင်တာကြာပြီဖြစ်တဲ့ သီချင်းတစ်ပုဒ် ပွင့်လာတယ်။ ဒါ လူသိသိပ်မများတဲ့ မျိုးကျော့မြိုင်ရဲ့ အပိုင်းအစတစ်ခုပေါ့။ သီချင်းလေးပုဒ်ထဲပါတဲ့ mini-demo album လေးတစ်ခု ထွက်ဖူးတယ်။ အဲဒီ့အခွေထဲက ၀င်သက်ထွက်သက် (အပြာရောင်နေ့ရက်များ)က နောက်ပိုင်းမှာ နာမည်ကြီးသွားပြီး ဒီသီချင်းကတော့ ငုပ်သွားတယ်။ မြူးကြွတဲ့သံစဉ်ကြောင့် ကျွန်တော်ကတော့ ဒီဗိုင်းရပ်စ်ကို ဟို.. စိတ်နာနာနဲ့ ဆိုခဲ့တဲ့ သီချင်းထက် ပိုနှစ်သက်တယ်။ အခုလို အမှတ်တမဲ့ ပြန်ကြားလိုက်မိတော့ repeatလုပ်ရင်းနဲ့ တခြားသူတွေလည်း နားထောင်ရအောင် blogပေါ်တင်ပေးလိုက်ပါတယ်။


VIRUS


ဗိုင်းရပ်စ် ... တစ်ကမ္ဘာလုံးကိုကူးစက် ...
ဗိုင်းရပ်စ် ... တစ်ကမ္ဘာလုံးကိုပျံ့နှံ့ ...
ဗိုင်းရပ်စ် . ဗိုင်းရပ်စ် .. ဗိုင်းရပ်စ် ...


Credit goes to Kalvin for converting this mp3 from tape.


Tuesday, October 30, 2007

ဘယ်လိုအရူးမျိုးလဲ


မတွေ့ဖြစ်ကြဘူး .. အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်ဖြစ် အချိန်မတိုက်ဆိုင်လို့ပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်ကြတဲ့အခါ .... အရင်လိုအချိန်တွေကို သတိရမိလာတယ် ... နံပါတ်ကိုနှိပ်ပြီးမှ ဖုန်းကိုပြန်ချမိတယ်.. ဘယ်လို အရူးမျိုးလဲ ...

ပိုနေလွန်းတဲ့ ကိုယ့်ရဲ့အပြုအမှုတွေ
လိုနေတယ်လို့တောင် ထင်မိတယ်
ဘာကိုမှ ကိုယ်ဂရူမစိုက်ချင်တော့ဘူး
မင်းလေး မသိတယ်

ရီစရာတော့ ကောင်းနေလိမ့်မှာပဲ ... ကိုယ်ဘာမှ မပြောခဲ့တဲ့စကားတွေကို သူဘယ်လိုသိနိုင်မှာလဲ ... ကျေနပ်စွာ ဖြေသိမ့်နေလာခဲ့ပြီးမှ သတိရစိတ်တွေများလာတဲ့အခါ ဘ၀ရဲ့ အလှည့်အပြောင်းကြားမှာ ဖြတ်သန်းနေရတုန်း မွန်းကျပ်လာချိန်တွေမှာ ရှိနေကျ နီးစပ်မှုလေးတောင် ဘယ်ဝေးသွားနေလဲ ...

ဘာရယ်ဆိုတာ သူဘာမှမသိတယ်
ကိုယ်ဟာ မင်းအတွက် ဘယ်လိုအရူးမျိုးလဲ ဖြေဦး

ဝန်ခံချင်ပါတယ် .. ပိုင်ဆိုင်လိုစိတ်တွေကို.. ဖြစ်နိုင် မဖြစ်နိုင်တာတွေကို ကိုယ်မတွေးချင်တော့ဘူး ... မင်းအတွက် ပျော်ရွှင်မှုတွေကို သယ်ဆောင်လာမယ့် မနက်ဖြန်တွေ ... ကိုယ့်ဘ၀ရဲ့နေ့သစ်တွေကို တည်ဆောက်နိုင်ဖို့ ဒီစိတ်ကူးတွေဟာ မင်းမမက်ချင်တဲ့ အိပ်မက်သက်သက်တော့ မဟုတ်ဘူးဆိုတာ သက်သေပြချင်ပါသေးတယ်..

မျက်လုံးထဲ
မင်းလေးတစ်ယောက်ထက် ပိုလွန်ကဲ
ဘာမှလဲမမြင် ... မမြင်နိုင်တော့ဘူး
မင်းလေးတစ်ယောက်ထက် ပိုလွန်ပြီး
ဘာနဲ့မှနှိုင်းယှဉ် ... မယှဉ်နိုင်ဘူး

လပြည့်ည အတွေးတစ်ချို့ဟာ အဆီးအတားမရှိ ပျံ့လွင့်နေခဲ့ပါတယ်.. တစ်နေရာရာမှာ မင်းတစ်ယောက်ကတော့ အေးချမ်းနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ဒီဘာမဟုတ်တဲ့အတွေးစတွေကို ဘာမှမဆိုင်တဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ပြီး စာကြောင်းတစ်ချို့ ရေးလိုက်မိပါတယ် ... မင်းအတွက် ဘာမှမဟုတ်ခဲ့တဲ့ လူတစ်ယောက်ပါ.. မတွေ့ဖြစ်တာ အတော်တောင်ကြာပြီနော်...

မျိုးကျော့မြိုင် - ကိုယ်ဘယ်လိုအရူးမျိုးလဲ



Wednesday, October 10, 2007

ဖွင့် ... ကြည့် ... လိုက်


ဘလောဂ် မရေးဖြစ်တာတောင် နဲနဲကြာသွားတာပဲ ...
သီချင်းတွေလည်း သိပ်နားမထောင်ဖြစ်.. နားမ၀င်တာလဲ ကြာသွားတာပေါ့ ...
ဒီလိုနဲ့ နားမထောင်ဖြစ်တာ တော်တော်ကြာခဲ့တဲ့ အယ်လ်ဘမ်လေးတစ်ခု တလောက ရလိုက်တယ်..
ပျော်တာ... ဒါ အင်တာနက်ပေါ်မှာ ရှာမရတဲ့ ရှာပါးအခွေ... ကြာလဲကြာခဲ့ပြီလေ ..


ဒီအခွေဟာ ကျွန်တော်(၁၀)တန်းပြီးစအချိန်မှာ အဲဒီ့တုန်းက နာမည်ကြီးအဆိုတော်(၆)ယောက်ကို တစ်ယောက်တစ်ပုဒ်နှုန်း အုပ်စုသီချင်းတစ်ပုဒ်နဲ့အတူ စုစည်းထားတာပါ .. အမှတ်မမှားဘူးဆိုရင် နှင်းဆီလှိုင်းက စီစဉ်တယ်ထင်တာပဲ .. ဒီအခွေမှာ ဇော်ဝင်းထွဋ်၊ ရဲသွင်၊ ဟယ်ရီလင်း၊ ရင်ဂို၊ ချစ်ကောင်း အစရှိတဲ့ ရော့ခ်ကာတွေကြားမှာ မျိုးကျော့မြိုင်ဆိုတဲ့ ရက်ပ်ပါတစ်ယောက် ပါလာပါတယ်.. စုစည်းမှု အသွင်ဆန်းလို့ စိတ်ဝင်တစားရှိခဲ့မယ့် တကယ်တမ်းထွက်တော့ ကျွန်တော်ရန်ကုန်မှာ မရှိတော့ပါဘူး .. အခွေထွက်တဲ့အကြောင်း အလင်္ကာဂီတဂျာနယ်ကနေ ဖတ်မိတော့ အိမ်ကို တကူးတက ပို့ခိုင်းရပါတယ် ... စစချင်းမှာ အုပ်စုသီချင်းကိုလဲ သိပ်အာရုံမရလိုက်သေးဘူး ... တခြားသူတွေရဲ့ သီချင်းတွေကလည်း သူတို့လုပ်နေကျပုံစံ ပုံမှန်အတိုင်းပဲ စီးသွားပါတယ်.. မျိုးကျော့မြိုင် သီချင်းကျတော့ သတိထားမိသွားတယ် ... ရက်ပ်စာသားတွေကြားက ဆိုလိုတီးလုံးလေးကြောင့်လို့ ထင်ပါတယ်..


မျိုးကျော့မြိုင်ဟာ Rappingလုပ်တဲ့နေရာမှာ ကဗျာလင်္ကာတစ်ပုဒ်လို တချိန်လုံး ကာရန်တွေ အတင်းလိုက်ညှိနေစရာမလိုပဲ beatနဲ့လိုက်ပြီး flowကို အသံနဲ့ပြန်စီးလို့ရတယ်ဆိုတာ ဒီမှာလုပ်ပြခဲ့တယ်.. ဒီထဲက hoppingလုပ်ထားတာလေးတွေကို တော်တော် သဘောကျမိတယ်.. ဒီသီချင်းကို မျိုးကျော့မြိုင်ကိုယ်တိုင် နောက်ပိုင်းမှာ ခဏခဏပြန်ဆိုခဲ့ပါတယ် .. ဒါပေမယ့် ပထမဆုံးမူရင်းက တီးလုံးလေးတော့ ပါမလာတော့ပါဘူး .. တခြားဗာရှင်တွေမှာ တီးလုံးပုံစံ ပြောင်းပြီး သူဟာနဲ့သူ ကောင်းတာပါပဲ .. ဒီအခွေကသီချင်းကို ပြန်နားထောင်ရင်တော့ မူလမူရင်း ခံစားချက်လေးတစ်ခုကို အရင်ကအတိုင်း ပြန်ရလိုက်တယ်...လို့ ကျွန်တော်ထင်မိတယ် ...


မျက်လုံးတွေဖွင့်ကြည့် ... အရှေ့ကိုတွေ့မယ် အနောက်ဖက်ကိုတွေ့ဖို့ အနောက်ကိုလှည့်မှရတယ်
အောက်ကြည့် ... ခလုတ်တိုက်မိမယ် ခလုတ်မထိဆူးမငြိအောင် ထိန်းချုပ်ရတဲ့ ဘ၀ထဲ
မျက်လုံး ... ဆိုတာ အဖွင့်အပိတ်ရှိတယ် လျှပ်တပြက် အပြောင်းလဲစက္ကန့် ပိုင်းတွေကြားထဲ
ပိတ်လိုက် ... ဖွင့်လိုက် နေ့များထဲမှာကျင်လည် ညဘက်ရောက်တော့ အားလုံးမျက်စိမှိတ်မယ်
စဉ်းစား ... ဒါဟာအိပ်မက်တဲ့လား လှလှပပမက်ကြတဲ့အခါ မိုးလင်းကြမှာ ကြောက်တယ်
အတွေးသစ် ... စိတ်ဓါတ်အသစ်နဲ့ဆေးကြော မနက်မျက်နှာသစ်ရင် လူ့ဘ၀ကြီးကိုးငေးမော ... ပန်းတိုင်ရှိရာသွားနေကြတဲ့ လူ့ဘ၀ကြီးမှာမွေးတော့
ကြည့် ... သတင်းပို့ ဦးဏှောက်ထဲအထိရောက်ဖို့
စဉ်းစား ... ခွဲခြား အမှန်နဲ့အမှားများ ကြည့်တတ် မြင်တတ်မှ အသက်ရှုဝတယ် မဟုတ်လား ..

မျက်လုံး ... ဆိုတာ အဖွင့်အပိတ်ရှိတယ် လျှပ်တပြက် အပြောင်းလဲစက်ကန့်ပိုင်းတွေကြားထဲ
ပိတ်လိုက် ... ဖွင့်လိုက် နေ့များထဲမှာကျင်လည် ညဘက်ရောက်တော့ အားလုံးမျက်စိမှိတ်မယ်
စားမယ် သွားမယ် အိပ်မယ် အချိန်တန်အိမ်ပြန်ရောက်မယ်
ကြည့် ... သတင်းပို့ ဦးဏှောက်ထဲအထိရောက်ဖို့
စဉ်းစား ... ခွဲခြား အမှန်နဲ့အမှားများ ကြည့်တတ် မြင်တတ်မှ အသက်ရှုဝတယ် မဟုတ်လား ..

မျက်လုံးများ ဖွင့်လို့ ကြည့်ပါ ...
မျက်လုံးများအား ဖွင့် ကြည့် လိုက် ...
ရှေ့ကြည့် .. နောက်ကြည့် ... အောက်ကြည့် ... ဘေးကြည့် ..
မျက်လုံးတွေ မျက်လုံးတွေ ဖွင့်ကြည့် ... ဖွင့် ကြည့် လိုက် ...

ဟုတ်ကဲ့ လူဆိုတာမျိုးဟာ ကြည့်တတ် မြင်တတ်မှ အသက်ရှုဝတယ် မဟုတ်လားဗျာ ...
ဒါကြောင့် မျက်လုံးတွေ ဖွင့်ကြည့်လိုက်ကြပါ ... မျက်လုံးတွေ မြင်အောင်ကြည့် ဖွင့် ကြည့် လိုက် ...


မှတ်ချက်။ ဒီအခွေကို ဝေမျှပေးခဲ့တဲ့လေပြေကို ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် တစ်ခွေလုံးကို ဒီနေရာကနေ ဒေါင်းလုပ်ယူနိုင်ပါကြောင်း ...

Thursday, September 13, 2007

စိတ်ညစ်နေလား ?


ခတ်ကျွဲမှန်ရင် ချိုမှာ အမာရွတ်ကျန်ရှိပြီး လူငယ်တွေက ရင်မှာ ဒဏ်ရာရှိတတ်ကြစမြဲပဲတဲ့ ...
တကယ်ပါ ကိုယ်ဟာ မင်းအတွက် ပျော်ရွှင်မှုတွေကိုသာ ယူဆောင်ကာ ပေးအပ်နေချင်သူပါ...
နာကျင်စရာ အတိတ်တွေကို ပြောင်းလဲပြီး လှပတဲ့ဘ၀သစ်လေးတစ်ခု ဖန်တီးပေးခဲ့ချင်သူပါ...
အချစ်ဆိုတာ မင်းဖို့ လောင်ကျွမ်းစေမယ့် မီးတောက်ထက် ငြိမ်းချမ်းရေးသာ ဖြစ်စေချင်သူပါ...
ဖြစ်နိုင်ရင် အတောင်ပံတွေတပ်ပြီး ကြင်နာသူ့အနားမှာ ထာဝရနားခိုလိုက်ချင်သူပါ...
မင်းရဲ့စိတ်ထဲမှာ ကိုယ့်ရဲ့ ပြောမထွက်တဲ့ စကားတွေဟာ အဟောင်းဖြစ်နေမလား ...
တကယ်လို့များ ပြောဖြစ်ခဲ့ရင်ကော ကိုယ့်စကားတွေကို မင်းယုံဖို့ခက်နေမလား ...
တစ်ခါတစ်လေမှာ ကိုယ်ဟာ မင်းအတွက် စိတ်အနှောက်အယှက် ဖြစ်စေခဲ့မလား ...
မရည်ရွယ်ပဲနဲ့ မင်းကိုစိတ်ထိခိုက်စေနိုင်မလား... မင်း ကိုယ့်ကို တွေးကြောက်နေမလား...
ဘယ်သူမှတွေးမထားမိတဲ့ အချိန်တွေ ... ပူလောင်ခြင်းများ ရင်ထဲပြည့်နှက်နေပြီလား ...
ကိုယ့်အကြောင်းတွေ ... ကိုယ်စကားတွေ ... သည်သီချင်းလေး ... မင်းကြားရင် ...


စိတ် ညစ် နေ လား ?



Tuesday, September 4, 2007

မြန်မာရက်ပ်သီချင်း နားထောင်ရအောင်

တစ်လောက ဧရာဝတီကနေ ဆောင်းပါးဟောင်းလေးတစ်ခု ဖတ်ပြီး blogရေးဖို့ စိတ်ကူးတစ်ခုရလာတယ်။ ကျွန်တော်ဟာ မျိုးကျော့မြိုင် ခရေဇီလဲမဟုတ်၊ ရက်ပ်ပေါတစ်ကောင်လဲမဟုတ်၊ ဝေဖန်ရေးသမား စာရေးဆရာလဲမဟုတ်ပါဘူး။ ကျွန်တော် သိခဲ့ဖူးတဲ့ အရင်အချိန်က အကြောင်းတစ်ချို့.. ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလတစ်ခုက အရိပ်တစ်ချို့အကြောင်း.. ကျွန်တော့်စိတ်ထဲရှိတာကို နဲနဲပါးပါး ပြောချင်လို့ပါ။ ဒါဂီတဝေဖန်ရေး ဆောင်းပါးမဟုတ်သလို၊ မြန်မာပြည်မှာ ဒီလမ်းကြောင်းကို ဘယ်သူစခဲ့တယ်.. ရက်ပ်/ဟစ်ဟော့ပ်ဘိုးအေ ဘယ်သူဘယ်ဝှါ ဆိုတာတွေ အငြင်းပွါးဖို့လည်း စိတ်မ၀င်စားပါဘူး။ လက်မခံနိုင်စရာ သဘောထား မတိုက်ဆိုင်မှုများရှိပါက လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်..

Following part is taken from MyanmarTimes Interview with Myo Kyawt Myaing.

How would you define the word ‘music’?
The word has different meanings. Everyone will define it based on their own perspective. For me as I am in the business of creating music, and I work using computer music languages, so for me it is very difficult to define the word.
What sort of difficulties did you face in the earlier part of your career in creating rap music?
I was criticized for my first song ကျွန်တော်မကောင်းဘူး (I am bad); some said it was melodically weak. But I always have confidence in my work, so I did not care about that too much.
Can we say that you are a pioneer of rap music in Myanmar?
I wouldn’t use such words.


မိုးတွေရွာနေချိန်ခဏ ... မျိုးကျော့မြိုင်က သူ့ရဲ့ ပွဲဦးထွက်အခွေကို ဒီလိုကြော်ငြာခဲ့တယ်...
မြန်မာရက်ပ်သီချင်း နားထောင်ရအောင် ....

အဲသည့်အချိန် ကာလပိုင်းတုန်းက ရက်ပ်ဂီတဟာ ရန်ကုန်မြို့ပြယဉ်ကျေးမှုထဲက လူငယ်တစ်ချို့ရဲ့ ဇိမ်ခံသီချင်းသာသာပဲ ရှိပါသေးတယ်.. ၉၀နှစ်ဦးပိုင်းကနေစလို့ MTVတွေကြည့်၊ Yearbookသီချင်း စာအုပ်တွေဖတ်၊ စကော့ဈေးကိုပတ် ကျောင်းတွေပိတ်ထားလို့ သိပ်ကိုအားလပ်နေကြတဲ့ ကျွန်တော့်လို မျိုးဆက်သစ်ကလေးတွေဟာ ရက်ပ်သီချင်းနဲ့ အုပ်စုလိုက်အကတွေကို ယဉ်ပါးစပြုလာပေမယ့် လုံးဝကြီးလက်မခံကြသေးပါဘူး.. နောက်ပိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ အရင်ကြားနေကျ ဒစ်စကို တီးလုံးတွေအစား ဗန်နီလာရေခဲ... အမ်စီတူကြီး ... Rap Beatတွေ ၀င်လာပါတယ်.. အဲသည့်လို ဘန်တီရှပ်တွေ၊ ဂျင်းပန်အပြဲ၊ ကန်းထရီးဘုစွပ်နေကြတဲ့ ချာတိတ်တွေရဲ့ မြို့ပြလမ်းမကြီးပေါ်မှာ ဘက်ဂီပွပွ၊ ကပ်ဦးထုပ်နောက်ပြန်ဆောင်း၊ ဆံပင်တိုတိုညှပ် ဂျဲလ်နဲ့ထောင် နောက်စေ့မှာစာလုံး အုတ်ကွက် ဖော်စပြုချိန်မှာပဲ အဲသည့်မျိုးကျော့မြိုင်ဆိုတဲ့လူ ပိုစတာဘုတ်တစ်ချို့ပေါ်မှာ ပြောလာတယ်.. မြန်မာရက်ပ်သီချင်း နားထောင်ရအောင်...တဲ့.. ဘာလဲ မြန်မာရက်ပ်သီချင်း? နောက်နေတာလား?

စစချင်း magazineကြော်ငြာတွေမှာ သတိထားမိလာတယ်... လူတစ်ယောက် ထီးဆောင်းပြီးရပ်နေ လူ၃ယောက် ထီးတစ်ချောင်းထဲနဲ့ လမ်းလျှောက်လာတာကို ကာတွန်းတစ်ကြောင်းမျဉ်းနဲ့ ဒီဇိုင်းဆွဲထားတာပါ.. ထုံးစံအတိုင်း အခွေမထွက်ခင် ဘားလမ်းဆိုင်တွေ လေထန်ကုန်းမှာ သီချင်းသံစကြားရတယ်.. မနက်ဖြန်အကြောင်းကိုတွေးမိတယ်... ညနေခင်းကို စောင့်ကြည့်တယ်... ဘာမှမထူး ... စက်နဲ့ကူထားတဲ့အသံတွေ နားထဲလှိမ့်ဝင်လာတယ်.. နဲနဲတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ..

TVမှာ ကြော်ငြာလာတော့ ကြားလိုက်တာက ကားတိုက်မိခြင်း ... မျိုးကျော့မြိုင်နဲ့ လူတစ်ယောက်နဲ့ Mr Beanလို ကားသေးသေးလေး တစ်စင်းရယ် လက်စွဲကီးဘုတ်လေးကိုင်လို့ .. ဘယ်လိုRapperလဲ ... သူများတွေက ပွပွလျလျဝတ်တယ်.. သူက လယ်သာဂျက်ကက် တီရှပ်အနက် ဂျင်းပန်အမည်းအကျပ်နဲ့ (နောက်မှသိတာက ဒီလိုစတိုင်က Dr Dreတို့ N.W.Aတုန်းက G.Rapperတွေ ၀တ်တတ်ကြတဲ့ retroပုံစံ ဖြစ်နိုင်တယ်လို့ ထင်တယ်)

မှတ်မှတ်ရရ အခွေထွက်ပြီး နောက်တစ်ရက်မှာ ယင်းမာကနေ၀ယ်ဖြစ်တယ်.. လူတစ်ယောက် ကီးဘုတ်ထိုင်တီးနေတာလား ရုပ်ပြောင်ကောမစ်ပုံမျိုး အဖြူရောင်ကာဗာ ထူးခြားမှုမျိုးကို ကြည့်ပြီး ကားကက်ဆက်ထဲထည့် နားထောင်လိုက်တော့ မိုးကောင်းကင်မှာ သီချင်းကျ မျက်မှောင်ကြုတ်မိပြန်ရော.. ဒီသံစဉ်မျိုး ကြားဖူးသလိုပဲ... အင်း Enigma ရဲ့ Sadness ပုံစံမျိုး တုထားတာပဲ...

တစ်ခွေလုံးပြီးသွားတယ် ... နောက်ဆုံးသီချင်း အချစ်များစွာအတွက်မှာ စကားပြောပုံနဲ့ ဆိုတာကလွဲရင် ကျန်တာအများစုက slow လေးတွေချည်းပဲ..စက်အကူနဲ့ မွမ်းမံထားလို့ သံစဉ်ဆန်းသလိုလို ရှိနေတာကလွဲရင် တကယ့် Rap Beatကို မကြားလိုက်ရဘူး.. Popဆန်တဲ့ အေးအေးလေးတွေဖြစ်တဲ့ ဘယ်လိုအရူးမျိုးလဲ? ...
ဝေးနေမယ့်အချိန် ...
ဝတ်ရည် ...
မင်းကိုချစ်လို့ သီချင်းတွေကတော့ နားဝင်လွယ်တယ် ..
ပါးစပ်နဲ့ပဲ ဆိုတီးထားတဲ့ အလုပ်သိပ်များနေတယ် ပုံစံကိုတော့ သဘောကျမိတယ် ...
တိတ်ဆိတ်သောညများ jazzလိုလို bluesလိုလိုကို နောက်မှ ကြိုက်တတ်လာတယ်...
အိပ်မက်မက်တယ် နဲ့ ရူးလိမ့်မယ် ကတော့ ကြားဖူးနေကျ ရိုးရိုးရော့ခ်သီချင်း ဆန်သလိုပဲ...

ညနက်နေပြီ ဆိုထားတဲ့အတိုင်းပဲ မျိုးကျော့မြိုင်အသံ မကောင်းပါဘူး.. သူပြောသလို အသံစုတ်ကြီးကို ကွန်ပြူတာစက်တွေနဲ့ ကူထားတယ်.. အဲသည်အခွေဟာ အဲသည့်တုန်းက လူသိမများခဲ့ဘူး.. စာနယ်ဇင်းတွေထဲမှာတောင် အရေးတယူလုပ်ပြီး သိပ်မဝေဖန်ကြသလိုပဲ.. ရက်ပ်မြူးဇစ်ကို နားထောင်ကြပါတယ်ဆိုတဲ့ လူငယ်အသိုင်းဝိုင်းထဲမှာတောင် မပေါက်ခဲ့ဘူး .. မြန်မာရက်ပ်သီချင်းဆိုတဲ့ ခေတ်တစ်ခုကို ပီပီပြင်ပြင် မရောက်ခဲ့ဘူး... အခုလို ဟစ်ဟော့ပ်တွေသာ ဖြစ်လာတယ်၊ မြန်မာပြည်မှာ ဘယ်တုန်းကမှ ရက်ပ်ခေတ်မစားခဲ့ဘူး... ပြီးတော့လဲ သူ့ရဲ့ဂီတကို ရက်ပ်ချည်းသက်သက်လို့ မခံစားမိဘူး..

ဒါပေမယ့် သူ့နောက်ပိုင်း မြန်မာ့ဂီတလောကထဲမှာ စက်ကိရိယာအကူ သုံးစွဲမှုတွေ ပိုများလာသလို နည်းပညာပိုင်း ပိုတိုးလာတယ်လို့ ယူဆမိတယ်.. သီချင်းကို လူတီးတာနဲ့ စက်တီးတာ ၀ိဝါဒကွဲပြားမှုတွေ ရှိလာတယ်... လူနည်းစုအနေနဲ့တော့ သူ့ရဲ့မိတ်ဆက်မှုကို အသိအမှတ် ပြုမိလောက်တယ်လို့တော့ ပြောရမယ်.. သူ့ပရိတ်သတ်ရှိခဲ့လိုသာ သူကလဲဆက်လုပ်ခဲ့ပြီး ခုချိန်မှာ ကျွန်တော့်နာမည်မျိုးကျော့မြိုင် ပါလို့ အခိုင်အမာရပ်တည်လာနိုင်တာပဲလေ...

ဘာပဲဖြစ်ဖြစ် မိုးတွေရွာနေချိန်ခဏ မြန်မာပြည်မှာ မြန်မာRapperတစ်ယောက်တော့ ရောက်လာခဲ့တယ်

Thursday, August 30, 2007

ဟိုး ... အဝေးကြီး

starnmoonb

အဝေးကြီးကို လှမ်းမျှော်မိတယ်
အနီးနားမှာ ကိုယ်မပျော်ဘူး
အဖော်...မင်းမှ မရှိပါလား

အိပ်ပျော်စဉ် ခဏလေး ... အိပ်မက်က ဘ၀ပဲ
ခေါ်သံလိုလို ကြားမိခိုက်မှာ လန့်နိုးလာခဲ့ရတယ်

ဒီလိုနဲ့ပဲ ...
သူနဲ့ ကျနော်တို့ရဲ့ ကြားမှာ
နောက်ဆုံးပေါ် ကမ္ဘာကြီး ခြားနေလေရဲ့  ...

ပေါ့ပေါ့လေးပါပဲ


ငါဘာရေးရမလဲ ... ငါတွေးနေမိတယ်... ငါတစ်ခုခုကို ရေးချင်နေမိတယ်....
ကြည့်မနေပဲ ငါဘာတွေ မြင်နေမိတာလဲ... နားထဲမှာလည်း ငါကြားယောင်နေတယ်...
ငါ့ရဲ့အတွေးတွေ ငါ့စိတ်ထဲမှာ တစ်ခုခုချရေးလိုက်မိတော့တယ်...
ပေါ့ပေါ့လေးပါပဲ

မိုက်ကရိုဖုန်းကို ရှေ့ချပြီး
သီချင်းဆိုဖို့ ကြိုးစားရင်း
အနာဂတ်ကို လှမ်းကြည့်လိုက်တယ်
ခံစားချက်တွေရေးထားတဲ့
ငါ့ရဲ့စာသားတွေကြားမှာ
ကိုယ်တိုင်ပျောက်ဆုံးသွားပြီလား
ဘေးမှာ အဖော်တွေ ရှိသေးရဲ့လား

တစ်ခါတစ်လေမှာ ကိုယ်ဟာ ကဗျာလိုလိုစာလိုလို ရေးထားတဲ့စာသားတွေထဲမှာ ကိုယ်တိုင် ပျောက်ဆုံးနေတတ်တယ်.. သံစဉ်မပီသတဲ့ သီချင်းအပိုင်းအစတွေကြားထဲမှာ ကိုယ်တစ်ယောက်ထဲ...

ညမအိပ်တဲ့ အကြောင်းတွေ စဉ်းစားရင်း
မနက်လင်းထိ စောင့်ခဲ့တယ်
လိုနေတယ် တစ်ခုခုတော့
ဘယ်သီချင်းထဲက ရမလဲ ငါမသိဘူး
သီချင်းတွေ လိုက်နားထောင်ကြည့်တယ်
တစ်ပုဒ်တော့မှတ်မိတယ်
ကိုယ်ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ

ဒီတစ်ညလုံး ကိုယ်အိပ်မရခဲ့ဘူး ... မိုးလင်းခါစအချိန်ပိုင်းလေးမှာပဲ ကိုယ်ဒီစာကိုရေးခဲ့တယ်...
မှတ်မှတ်ရရ သီချင်းတစ်ချို့ ရေးခဲ့ဖူးတယ်... တစ်ချို့သီချင်းလေးတွေ မှတ်မှတ်ရရ ရှိခဲ့ဖူးတယ်..
ကိုယ့်ကိုကိုယ် ဘာလိုချင်မှန်းမသိတဲ့ အချိန်တွေမှာ ဒီသီချင်းတွေလိုက်နားထောင်မိတယ်..
သီချင်းတစ်ပုဒ်ကတော့ အမြဲတမ်း သတိရလို့နေမယ်.. Forget.Me.Not !!


အချစ်ကို တွေ့ခဲ့ရတယ်
ကိုယ့်စိတ်နဲ့မဖြစ်ဘူး
ပူလောင်စေတယ်၊ ဝေခွဲလို့မရဘူး
သံယောဇဉ်ဖြစ်တယ်၊ သနားတယ်
ငါဘာလုပ်ရမလဲ ...
မေ့လိုက်တယ်
အပြုံးတွေ အချစ်တွေ
မေ့လိုက်တယ် ...
ငါရက်စက်ခဲ့တယ်

အချစ်တွေများစွာ ငါတွေ့ခဲ့ဖူးတယ် ... အချစ်ဆိုတာဘာလဲ? ငါမသိသေးဘူး ...
တစ်ချို့ပြောတာ ပေးဆပ်ခြင်းတဲ့ ... တစ်ချို့ကျတော့ ရယူမှု ပိုဆိုင်လိုခြင်းသာ ...
ပေးဆပ်ခြင်းနဲ့ ရယူလိုမှုမပါတဲ့ အချစ်တစ်ခုကိုငါ တွေ့ခဲ့ရတယ်... ငါမပိုင်ဆိုင်တဲ့အချစ်ပဲ..
သနားတာ ရက်စက်မှု သံယောဇဉ်တွေ အပြုံးတွေ ငါ့စိတ်ထဲ ငါမေ့လိုက်ချင်တော့တယ် ...


ကိုယ်တနေရာရာကို ထွက်သွားချင်တယ်
လေထဲမှာလွင့်နေတဲ အတွေးတွေကို စီးမျောရင်း
ဖြည်းဖြည်းလေး အဆုံးမသတ်ချင်တဲ့နောက်မှာ
အမြင့်မားဆုံးလျင်မြန်မှုနဲ့ ဇာတ်သိမ်းချင်တယ်
နောက်ဆုံးငါမြင်လိုက်တယ် တံခါးပေါက်တစ်ခု ပွင့်နေတယ်
ပေါ့ပေါ့လေးပဲ ... ငါထွက်သွားလိုက်တယ်

အရာရာကိုအရှုံးပေးပြီး အဝေးဆုံးကို ထွက်ပြေးသွားချင်မိတဲ့စိတ်မျိုး ခဏခဏ ဖြစ်တတ်တယ်.. လွင့်မျောနေ ငါ့ရဲ့စိတ်တွေ ထိန်းမရ ချုပ်မရ .. နယ်လွန်တိုက်စားခြင်းတွေ သွေးသားထဲအထိ တိုးဝင်လို့လာတယ် .. ငါလေ တမြေ့မြေ့နဲ့ လောင်ကျွမ်းနေရမယ့်အစား အမြင့်မားဆုံးတောက်ပခဲ့ပြီး အမြန်ဆုံးကြွေကျသွားတဲ့ ကြယ်လေးတစ်ပွင့်ကို အားကျမိတယ်.. ဘ၀ရဲ့ နောက်ဆုံးထွက်ပေါက်ကို ငါလှမ်းကြည့်တယ်... လျှောက်ရမှာက ဒီတစ်လမ်းထဲပဲ .. ဘာကြောင့်ဝေးနေရတာလဲ...
ငါ့ရဲ့တံခါးကိုသာ ဖွင့်လိုက်ပါတော့ ... ခွင့်မလွှတ်နိုင်လည်း ခွင့်ပြုပါ... ငါသွားပါရစေ...

အခြံအရံ နတ်သမီးတို့ များစွာ
ပူလောင်နေတဲ့ ငါ့ရဲ့ဘေးမှာ
အတူတူထိုင်ကာ လေခြင်းတိုးသံ
ကိုယ့်ရဲ့အကြောင်းတွေလား
ငါဟာဘယ်သူလဲ မသိပါ
အတူတူပျော်နေတဲ့ ဒီညမှာ
အခြွေအရံတွေဘေး ခြံရံထား
ငါဟာ ပေါ့ပေါ့လေးပါလား

နောက်ဆုံး..ဖြူရော်ရော် အမြင်အာရုံ ၀ိုးတ၀ါးကြားမှာ နားထဲ ကြားတစ်ချက် မကြားတစ်ချက်နဲ့ ...
ဒါ...လက်ထပ်ပွဲလား.. အသုဘပဲလား.. ဒီလိုပွဲမျိုးတွေမှာ ကြားရတတ်တဲ့ဂီတ.. ပီယာနိုတီးသံ ...
ဒါ...သတို့သမီး လှမ်းလျှောက်ထွက်လာတာလား... ခေါင်းတလားကိုပဲ သယ်လာကြတာများလား ...
ဒါ...ငါမမြင်ရတဲ့ ငါပဲလား.. ငါမသိနိုင်တဲ့ ငါပဲလား.. ငါဘယ်သူလဲ.. ငါဘာလဲ.. ငါမသိနိုင်တော့ ...
မျက်စိမှိတ်လိုက်ရင် အရာအားလုံး ရပ်တန့် မှောင်မိုက် ပြီးဆုံးပြီ နတ်သမီးရေ... ပေါ့ပေါ့လေးပါလား ...


Although Myo Kywat Myaing has mostly written his own songs, this melody is originally sampled from "Sleeping With An Angel" by The Real McCoy.

I've been around, been in the lost and found
Then I found myself in your eyes ...

I've been in love, and I've seen it all fall apart
I hurt so bad, and I hurt somebody real bad
I didn't think I could ever feel love again ...

I'm sleeping with an angel. She makes me feel so good.
Sleeping with an Angel. I didn't know I could.
But I've done too many wrongs, sung too many songs,
to be sleeping with an angel, sleeping with an angel.

And in your eyes I see the light ...
of a million candles burning bright...
And in your eyes I see the light ...
of a million candles burning bright...

Friday, August 24, 2007

MyoKyawtMyaing.com ?

ငယ်ငယ်ကတည်းက ဒိုင်ယာရီကို ပုံမှန်ရေးရမှာ ပျင်းတတ်ခဲ့လို blogging ကိုလည်း မယ်မယ်ရရ မလုပ်ဖြစ်ခဲ့တဲ့ ကျွန်တော့်လို လူမျိုးကိုမှ မျိုးကျော့မြိုင် BLOG အတွက် ၀င်ရေးပေးဖို့ ကိုမောင်လှက ခေါ်ခဲ့ရက်ပါပေတယ်။ ဒီရက်ပိုင်း blogတွေ လှည့်ဖတ်တာ များပေမယ့် ဒီ blogလေးကျ ခုထိ စမရေးဖြစ်တာ သတိထားမိပြီး၊ နောက်တော့လဲ နေးတစ်ဖိုရမ်မှာရှိတဲ့ မျိုးကျော့မြိုင့်တော့ပစ်မှာ ပြောဖြစ်ကြတဲ့ အကြောင်းလေးတစ်ခုကို သေချာချင်လို့ ဒီ blog ကို စဖွင့် လိုက်ပါတယ်။

မျိုးကျော့မြိုင်.com ဆိုတဲ့ အခွေလေး အကြောင်းပါ...


ဒီလိုပါ။ ကျွန်တော်နေးတစ်မှာ စရေးခါစ အစောဆုံးပို့စ်တွေထဲမှာ မျိုးကျော့မြိုင်ဒေါ့ကွန် အခွေကို စတင်ပေးဖူးပါတယ်။ အီးမေးလ်ကတစ်ဆင့် သူငယ်ချင်းတစ်ယောက် ပို့ပေးတာကို ပြန်ဝေမျှပေးတာပါ။ နှစ်နှစ်လောက် ရှိသွားပြီ။ ဘယ်သူ ပို့မှန်းလဲတောင် မမှတ်မိတော့ဘူး။ အဲဒီ့တုန်းက ပို့လိုက်တဲ့ သူက မျိုးကျော့မြိုင်ဒေါ့ကွန်လို့ပဲ ရေးပေးထားတယ်။ ကာဗာလည်း မပါဘူး၊ အမ်ပီ(၃) ဖိုင်နာမည်တွေ ကြည့်ပြီးပဲ သီချင်းစာရင်းကို သိရတယ်။ စုစုပေါင်း(၁၅)ပုဒ်ပါ။ ဒီသီချင်းတွေပါတယ်။

၁။ ကိုယ်ဘယ်လိုအရူးမျိုးလဲ
၂။ အနာဂတ်ပန်းချီကား
၃။ ချစ်ခြင်းနဲ့မသင့်မြတ်သူများ
၎။ ထာဝရအမြဲ
၅။ ကျွန်တာ့်နာမည် မျိုးကျော့မြိုင်
၆။ ကြင်နာသူ့အနား
၇။ မခံနိုင်ဘူး
၈။ မျက်လုံးများဖွင့်လို့ကြည့်ပါ
၉။ မျိုးကျော့မြိုင်ဒေါ့ကွန်
၁၀။ ငါတို့လန်းတဲ့နေ့
၁၁။ နောက်ကျ
၁၂။ စိတ်ညစ်နေလား
၁၃။ စိတ်တိုင်းမကျခြင်း
၁၄။ စာသုံးကြည့်
၁၅။ သတိရရင် ပြီးတာပဲ

ဒါနဲ့စကားမစပ် မျိုးကျော့မြိုင်ဒေါ့ကွန်ကို ဒီနေရာမှာ ယူလို့ရပါတယ်..

နောက်ပိုင်း မမေ၁၁က ပန်ကာတွေအတွက် မျိုးကျော့မြိုင်တော့ပစ်ကိုဖွင့်တော့ သူ့သီချင်းတွေကို တစ်နေရာတည်းမှာ တစုတစည်းတည်း ရှိစေချင်လို့ ထပ်တင်ပေးတယ်။ အဲဒီ့တုန်းက မမေ၁၁က ဒီလိုပြောခဲ့ဖူးတယ်။
အဲဒီ မျိုးကျော့မြိုင်ဒေါ့ကွန်းကို ဟိုတစ်ခါ ရှဲပေးဖူးကတည်းက ယူထားသေးတယ်။ အခုမှ ပြန်စဉ်းစားကြည့်ရင်း အဲဒါ အယ်လ်ဘမ်တစ်ခုလို သပ်သပ်ထွက်တာ မဟုတ်ပဲ သူ့သီချင်းတွေကို ဒီတိုင်း စုထားတာများလားလို့။ အဲဒီထဲမှာ ဒိုးလုံးနဲ့ စားသုံးကြည့်ထဲက သီချင်းတွေလဲပါတယ်။ ရီမစ်ထဲက သီချင်းတွေလဲ ပါတယ်။ ကျွန်တော့နာမည် မျိုးကျော့မြိုင်လည်း ပါနေတယ်။ နောက်တစ်ခုက မျိုးကျော့မြိုင်ဒေါ့ကွန်း ဆိုတာ လူဖြစ်ရတဲ့ ဒုက္ခနောက်မှာမှ နောက်ထပ် သူထွက်မယ်လို့ ပြောထားတဲ့ အယ်လ်ဘမ်နာမည် လားလို့ စိတ်ထဲမှာ ထင်နေတာ။ (မသေချာပါဘူး၊ ထင်တာပြောကြည့်တာ)


အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း မသိပါဘူး။ မြန်မာပြည်မှာ ဒီအခွေ တကယ်ပဲ ထွက်သလား၊ ပါစင်နယ် ဆလက်ရှင် လုပ်ထားတာလား ကျွန်တော်ကိုယ်တိုင် မသိပါဘူး။ မြန်မာပြည်က အကြောင်းကို အင်တာနက်ပေါ်ကပဲ ကျွန်တော်က သိနိုင်တော့ ကိုယ်လက်ထဲ ရောက်လာတာကို ပြန်ပြနိုင်တာပဲရှိတယ်။ ကျွန်တော်ကတော့ သီချင်းအဟောင်းတွေဆိုပေမယ့် အားလုံးပေါင်းကြည့်လိုက်ရင် ပုံစံတစ်ခု ပေါ်အောင် ပြန်တီး၊ ပြန်ဆိုထားတာလို့ ထင်မိတယ်။ အရင်က Rapသီချင်းတွေက ဒီထဲမှာ Alter ပိုဆန်နေတယ်။ အရင်က စက်အားသုံးပြီး remix လုပ်တာများတဲ့ မျိုးကျော့မြိုင်ဟာ ဒီထဲမှာ လူအားပိုသုံးပြီး Live band recording ပိုဖြစ်သလို ခံစားမိတယ်။ အခုနောက်ဆုံး ကိုမောင်လှက ဒီလိုပြောလာတယ်။
မျိုးကျော့မြိုင်.com ဆိုပြီး အခွေ တစ်ခွေ ထွက်ဖူးတယ်... ဒါပေမယ့် ကိုဗိုက်ပြောတဲ့ သီချင်းတွေ ပါတဲ့ အခွေ မဟုတ်ဘူး... ကျတော့်ဆီမှာ ကတ်ဆက်ခွေပဲ ရှိတယ်..
၁. ကျွန်တော့နာမည် မျိုးကျော့မြိုင်
၂. သတိရရင်ပြီးတာပဲ
၃. နောက်ကျ
၎. မျက်လုံးများဖွင့်လို့ကြည့်ပါ
၅. အမြင့်ကြီးပြန်တဲ့အခါ
၆. ကြင်နာသူအနား
၇. ကိုယ်ဘယ်လိုအရူးမျိုးလဲ
၈. ထာဝရအမြဲ
၉. ချစ်ပါ မုန်းပါ
၁၀. မျိုးကျော့မြိုင်.com
သီချင်းများ ပါပါတယ်...

ဒါကျွန်တော်တို့ ငြင်းနေကြတာ မဟုတ်ပေမယ့် ဒီအခွေအကြောင်းကို ဒီထက် ပိုသိတဲ့သူများရှိရင် ပြောပြလို့ ရအောင် ဒါလေးကိုရေးပြီး မျိုးကျော့မြိုင်BLOGကို မျိုးကျော့မြိုင်.COMနဲ့ စတင် openလိုက်ပါတယ်...