Sunday, September 2, 2007

MKM & Cover Songs (1)

MKM & Cover Songs ကို စိုင်းထီးဆိုင် သီချင်းတွေနဲ့ စချင်ပါတယ်။ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေကို MKM ပြန်ဆိုတာ လောလောဆယ် မှတ်မိသမျှ သုံးပုဒ်ရှိတယ်။ စိုင်းထီးဆိုင် ဆိုထားတုန်းကလဲ ကြိုက်ပြီး မျိုးကျော့မြိုင် ပြန်ဆိုတော့ ပိုကြိုက်သွားတဲ့ သီချင်းတစ်ပုဒ်က “နေရာတိုင်းမှာ” သီချင်းပါ။ တေးရေး စိုင်းခမ်းလိတ် လို့ထင်ပါတယ်။ (သီချင်းစာအုပ်ကနေ ပြန်တိုက်နိုင်ရင်တော့ ကောင်းမှာပဲ) တေးရေး စိုင်းခမ်းလိတ်ပါ။ ဒီသီချင်းကို Beach Concert (1) ကမ်းစပ်က ခြေရာများ (၁) အခွေမှာ Lazy Club ၀ိုင်းနဲ့ ပြန်ဆိုထားတာပါ။

AP1219A
နေရာတိုင်းမှာ
ဘယ်ဆီကို ရောက်လို့လေ ဘယ်လောက်ပဲ ဝေးရလည်း ဘယ်တော့မှ အထီးကျန်မဆန်ခဲ့
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ ကိုယ့်ဘ၀ရဲ့ နေရာတိုင်းမှာ မင်းရှိတယ် ...
လူတွေက ကိုယ်တို့နှစ်ယောက် ခွဲရလို့ အကုန်ဝိုင်းပြီး သနားကြတယ် အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ ဘာတစ်ခုမှ မရှိတော့တာ မသိဘူးရယ်

စိုင်းထီးဆိုင်ဆိုတုန်းက သိပ်မကြိုက်ခဲ့ပဲ MKM ပြန်ဆိုမှ အရမ်းကြိုက်မိသွားတဲ့ သီချင်းတစ်ပုဒ်ကတော့ “ဆုတောင်းခဲ့ဘူးတဲ့မိငယ်” သီချင်းပါ။ ဒီသီချင်းကို သက္ကရာဇ် ၂၀၀၀ Remix Album မှာ ပြန်ဆိုထားတာပါ။ တေးရေးကို ဆွန်ကျဲအိုလို့ အရိုင်းပန်း မှ ရှာတွေ့ထားပါတယ်။ (update: ပထမဦးဆုံး သီဆိုသူက စိတ္တဇအလွမ်း စီးရီးစ်မှာ တေးရေး/ဆို - ဆလိုင်းဆွန်ကျဲအိုပါ။ စိုင်းထီးဆိုင်က ချယ်ရီကိုသာပန်ပါကွယ် အယ်လ်ဘမ်မှာ ပြန်ဆိုပါတယ်)

MKM_3150
ဆုတောင်းခဲ့ဘူးတဲ့မိငယ်

နောက်ဆုံးတစ်ပုဒ်ကတော့ “မင်းခယောက်ျား” သီချင်းပါ။ ဒီသီချင်းကို စိုင်းခမ်းလိတ်က ရေးပြီး စိုင်းထီးဆိုင် နှစ် ၅၀ ပြည့်မြောက် ရွှေရတုမွေးနေ့ ဖျော်ဖြေပွဲ အမှတ်တရအဖြစ် ထုတ်တဲ့ ရွှေလက်ဆောင်သီချင်း (၂) album မှာ စိုင်းထီးဆိုင်နဲ့ တွဲပြီး The Wild Ones တီးဝိုင်းနဲ့ ဆိုထားတာပါ။ ဒီ Live Show VCD ကို youtube ကနေ ကြည့်ရတော့ MKM ရဲ့ stage performance ကို တော်တော်လေး သဘောကျမိတယ်။ လောလောဆယ် Blog မှာ upload ပြန်မတင်နိုင်ခင် YouTube ကနေ့ ကြည့်လို့ရပါတယ်။

KC1108A
တစ်ခါတစ်လေတော့လည်း ၀မ်းတော့နည်းမိသား
မမြင်တာကြာလို့ မေ့များသွားပြီလား
ပျော်ရာမမျှော်သာတဲ့ မင်းခယောက်ျား
ကိုယ်ရယ်ပါ ... ကိုယ်ရယ်ပါ

စိုင်းထီးဆိုင် သီချင်းတွေကို MKM ပြန်ဆိုတာ မူရင်းသီချင်းကို ပုံစံပြောင်းဆိုပေမဲ့ ဖျက်ဆီးပစ်ရာ မကျပဲ taste အသစ်တစ်ခုကို ရလို့ နားထောင်ရတာ တစ်မျိုးကောင်းပါတယ်။ သီချင်း ၃ပုဒ်စလုံးမှာ Rap အပိုဒ် ထပ်ထည့်ထားတာ မတွေ့ရဘူး။ သူ့စာသားတွေအတိုင်း arrangement နဲ့ music style ကို ပြောင်းလဲထားပြီး သေသေချာချာ ကြိုးစားအားထုတ်ပြီးမှ ပြန်ဆိုထားတာကို တွေ့ရမှာပါ။

MKM ရဲ့ အသစ်ပြန်ဆန်းသစ်သီဆိုထားတဲ့ သီချင်းတွေအကြောင်းကို MKM & Cover Songs ဆိုပြီး ကျွန်မ ဆက်ရေးပါ့မယ်။ ဒီသီချင်းတွေရဲ့ သီချင်းပုံစံပိုင်း ပြောင်းလဲမှုနဲ့ အတီးပိုင်း၊ remix လုပ်တာတွေနဲ့ ပတ်သက်လို့ကတော့ နားလည်တဲ့သူတွေ ဆက်ပြီး ဆွေးနွေးပေးကြပါနော်။

1 comment:

cohtet said...

မျိုးကြော့မြိုင် ဟာကျွန်တော်အကြိုက်ဆုံး တေးရေးထဲမှာရော၊ အဆိုတော်ထဲမှာရော ပါပါတယ်...
"ကားတိုက်မိခြင်း" ကတဲက အားပေးခဲ့ တာပါ...
"ဆုတောင်းခဲ့တယ် မိငယ်" ကိုတော့ ခုမှ နားထောင်ဖူးတာပါ။ အဲဒီသီချင်းကို ဆလိုင်းဆွန်ကျဲအို ဆိုတာ အကောင်းဆုံးပါ၊ စိုင်းထီးဆိုင် ဆိုတာလဲ ကောင်းပါတယ်။ နားစွဲပြီးသား သီချင်းမို့လို့လား မသိဘူး...
"မျိုးကြော့မြိုင်" ပြန်ဆိုထားတာ ကတော့ ကျွန်တော်နားထဲမှာ နောက်ပြီးဆိုထား သလိုပဲ... သီချင်းအဆုံးမှာ တရုပ်လင်ပန်းတောင် တီးထားလိုက်သေးတယ်...ဘုံကျောင်းမှာများ သွားဆုတောင်းလားဗျာ...