BBC မြန်မာပိုင်း အစီအစဉ်ကနေ ရန်ကုန်မြို့မှ လူငယ်တစ်ဦးနဲ့ ကိုမျိုးကျော့မြိုင်ရဲ့ Interview လေးကို နားထောင်ရပါတယ်။ အစီအစဉ် ကြေငြာသူက မြန်မာပြည်မှာ ရက်ပ်ဂီတကို အစဦးဆုံး မိတ်ဆက်ခဲ့တယ်လို့ ပြောနိုင်တဲ့ နာမည်ကျော် ရက်ပ်ပါကြီး ကိုမျိုးကျော့မြိုင်နဲ့ အင်တာဗျူးလို့ ပြောသွားပါတယ်။ Interview ဆိုပေမဲ့ မေးတဲ့သူက လူငယ်ပီပီ ပေါ့ပေါ့ပါးပါးလေးတွေ မေးသွားပေမဲ့ ကိုမျိုးကျော့မြိုင်က သေချာဖြေသွားတာ နားထောင်လို့ ကောင်းပါတယ်။
ဒီ Interview ကနေ သိလိုက်ရတဲ့ သတင်းတွေကတော့ ထွန်းအိန္ဒြာဗိုနဲ့ စုံတွဲခွေ ထွက်မယ်ဆိုတဲ့ အကြောင်းနဲ့ တစ်ကိုယ်တော်ခွေကို MTV နဲ့ တွဲထုတ်ဖို့ စီစဉ်နေတယ်၊ One Man Show လုပ်ဖို့လဲ ရှိတယ်ဆိုတာပါပဲ။ myanmar mp3 က april ကလွှင့်သွားတဲ့ အင်တာဗျူးမှာတော့ ထွန်းအိန္ဒြာဗိုနဲ့ ခွေက သီချင်းတွေ သူ့ဘက်က ပေးပြီးသား၊ ဘာလို့ မထွက်သေးလဲတော့ သေချာမသိတဲ့အကြောင်း၊ မထွန်းအိန္ဒြာဗိုက တင်ဇာမော်နဲ့ အတွဲခွေကို အရင်ထုတ်မယ်ထင်တဲ့အကြောင်းတွေ ဖြေသွားပေမဲ့ ထွန်းအိန္ဒြာဗိုရဲ့ နောက်ထွက်မဲ့ အခွေတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာကို ပြန်ဖြေတဲ့ထဲမှာ ဒီစုံတွဲခွေထွက်မဲ့အကြောင်း လုံးဝ ထည့်မပြောထားပါဘူး။ duet ပဲဖြစ်ဖြစ်၊ single ပဲ ဖြစ်ဖြစ် ကျွန်မ သူ့ ခွေသစ်ကို မျှော်နေတာ ကြာပြီ။ MTV လုပ်ထားတဲ့ ခွေသစ် ဆိုတာ ကတော့ သီချင်း ငါးပုဒ်ပါတဲ့ခွေကို ပြောတာထင်တယ်။ one man show ကတော့ ပြောနေတာ ကြာပါပြီ။ မလုပ်ဖြစ်သေးတာပဲ ထင်ပါတယ်။ One Man Show လုပ်ရင်လည်း ကြည့်ချင်တယ်။ ပြောသာပြောတာပါ။ singapore မှာလုပ်တဲ့ ပွဲတုန်းကတောင် သွားမကြည့်ဖြစ်ဘူး။ ဂျာနယ်၊ မဂ္ဂဇင်းတွေ မဖတ်ရတော့ သတင်းတွေကို ဒီလိုမျိုး အွန်လိုင်းကနေပဲ ရှာကြံဖတ်ရပါတယ်။
ကျွန်မ သဘောကျတဲ့ အဖြေတစ်ခုက ဘာအကြောက်ဆုံးလဲမေးတာကို “ ခုနေချိန်မှာ ကျွန်တော့် စိတ်ကို ကျွန်တော် အကြောက်ဆုံးပါပဲ။ ” ဆိုတဲ့ အဖြေပါပဲ။ ကိုမျိုးကျော့မြိုင် သူရဲ့ professional ကို passionate ဖြစ်တာနဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့အရာတွေလို့ ခံယူချက်တွေကို ဖြေထားတာလဲ သဘောကျပါတယ်။ သူ့ အင်တာဗျူးထဲမှာ သီချင်းထဲကအတိုင်း ရည်းစား ၃ယောက် ရှိခဲ့ဘူးတယ်လို့ ၀န်ခံသွားတော့ ကျွန်မ သိတဲ့နာမည်တချို့ကို စဉ်းစားပြီး နည်းနည်းတောင် အလုပ်များသွားသေးတယ်။ ခံစားချက်အစစ်အမှန်နဲ့မှ သီချင်းရေးလေ့ရှိတဲ့ ကိုမျိုးကျော့မြိုင် သီချင်းစာသားတွေက အမြဲတမ်း အသက်ဝင်နေတယ်လို့ ကျွန်မ ခံစားရပါတယ်။
အင်တာဗျူးကို ဒေါင်းလုပ်ယူ နားထောင်ဖို့ မလွယ်ရင် အောက်မှာ ဖတ်လို့ရပါတယ်။
MKM Interview @BBC (July 2007)
မေး။ ကိုမျိုးကျော့ ကျွန်တော်သိချင်တာ Rap ရဲ့ အဓိပ္ပါယ်က ဘာလဲ မသိဘူး ခင်ဗျ။ နောက်ပြီးတော့ Rap နဲ့ HipHop ဘာများကွာလဲ မသိဘူး။
MKM: ဟုတ်ကဲ့။ ကျွန်တော် နားလည်သလောက်ကတော့ Rapping လုပ်တယ်ဆိုတာ any music ပေါ်မှာ rapping လုပ်လို့ရတယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် ကျွန်တော်တို့ မြန်မာသံစဉ် သီချင်းပေါ်မှာပဲ ဖြစ်ဖြစ်။ ဆိုလိုတဲ့ သဘောကတော့ rapping ရယ်၊ rhyming လုပ်တာတို့ နောက် flowing လို့လဲ ခေါ်ကြတယ်၊ အဲဒါမျိုးတွေက အကုန်တူတူပဲဆိုတဲ့ သဘောပါပဲ။ အဲဒီတော့ တကယ်တမ်း HipHop ဆိုတာကြတော့ သူတို့ရဲ့ ကပ္ပလီ black တွေရဲ့ culture ဘက်ကို ကျောထောက်နောက်ခံထားပြီး အဲဒီကလာတဲ့ music ပုံစံတစ်ခုလို့ ကျွန်တော်ကတော့ ယူဆပါတယ်။
မေး။ သီချင်းအဆိုတော် အခု ဖြစ်လာအောင် ကျွန်တော်တို့ အရွယ်က အစ်ကို ဘာတွေလုပ်ခဲ့လဲ။ မိဘတွေကကော အစ်ကို အဆိုတော်လုပ်တာကို အားပေးခဲ့လား။
MKM: ကျွန်တော်အနေနဲ့ကတော့ လူတွေကို ပရိသတ်တွေကို ပျော်စေတဲ့ entertain လုပ်တဲ့ techno တို့ဘာတို့ ကျွန်တော်မှာ လုပ်ပြချင်တဲ့ ငယ်ငယ်လေးထဲကလဲ ပန်းချီဆွဲတော့ ဒီ ပန်းချီဆွဲရုံလောက်နဲ့လဲ ကျွန်တော် မလုံလောက်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော် သီချင်းစရေးတယ်။ ၆ တန်း ၇ တန်းလောက်က။ သီချင်းရေးတာနဲ့ မရသေးဘူး။ ဆိုကြည့်တယ်။ မိဘတွေကလဲ ဒါကို အားပေးတာ ပါပါတယ်။ ဘာမှ မပြောဘူးပေါ့။ အဲလိုနဲ့ပဲ ကျွန်တော်က ၉တန်း ၁၀တန်းလောက်မှာကျတော့ တကယ့် လက်တွေ့စတူဒီယို တွေထဲမှာ သွားဝင်လုပ်ပြီးတော့ engineering site ကိုလဲ လုပ်ကြည့်ပြီးတော့ အဲဒီ Music နဲ့ ပတ်သက်တဲ့ဟာ အကုန်လုံးကို လုပ်ချင်တဲ့လူမျိုး ဖြစ်နေတော့ အဲဒီဟာတွေနဲ့ ပတ်သက်တဲ့ နေရာတွေ၊ အနေအထားတွေ ပြီးတော့ ကျောင်းတွေ ဒါမျိုးတွေကိုတော့ ကျွန်တော် လုပ်ခဲ့ပါတယ်။
မေး။ အစ်ကို အဆိုတော်ဖြစ်ဖို့အတွက် ဘယ်လို အတားအဆီး၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရလဲ မသိဘူး။
MKM: ကျွန်တော်တို့ ခေတ်တုန်းက ဘာကြုံရလဲဆိုတော့ ... ဒီ ရန်ကုန်မှာတော့ မကြုံရပါဘူး။ နယ်တွေမှာတော့ စကားပြောတဲ့ rapping တွေစကြားရတော့ သီချင်းကို melody မဆိုတတ်လို့ ဆိုတာမျိုးတို့ အပြောခံရတဲ့ show ပွဲလေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်ကို အဲလိုပြောနေရင် တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်ဆိုတဲ့ စိတ်က ငယ်ငယ်တည်းက ရှိပါတယ်။ အဲလောက်ပဲ ကျွန်တော်တို့မှာ အခက်အခဲရှိပါတယ်။
မေး။ အစ်ကိုတို့ခေတ်က rapper တွေနဲ့ ကျွန်တော်တို့ခေတ်က rapper တွေနဲ့ ဘာကွာလဲမသိဘူး။
MKM: ကျွန်တော်တို့ခေတ်တုန်းကတော့ rapping ကိုပဲ အဓိကထား တာပါ။ disco beat ပေါ်မှာလည်း rapping လုပ်မယ်၊ techno တို့ trance တို့ပေါ်မှာလည်း rapping တွေဆိုမယ်၊ ဒါမျိုးပါ။ အောက်က any music ပေါ့နော်၊ ဘယ်လို music ပေါ်မှာမဆို ကျွန်တော်က အဲလို လုပ်ခဲ့တာပေါ့။ HipHop လည်း ပါပါတယ်။ ဒါပေမယ့် အခု ဒီဘက် နောက် ၁၀နှစ်ကျော် ကြာသွားတဲ့အချိန်မှာ ... ACID သူတို့ လုပ်တဲ့ တကယ့် HipHop အစစ်တွေ ကျွန်တော်တို့ စကြားရတာကိုး။ ဒီတော့ ကျွန်တော်ကတော့ ဘာကွာလဲလို့ သိလဲဆိုတော့ သူတို့က တကယ့် culture ကို ဒီ HipHop ပေါ်မှာကို ယုံကြည်မှု အပြည့်ရှိကြတယ်။ ဖက်ရှင်ကအစ၊ ၀တ်တာစားတာကအစ၊ nature ကအစ အတတ်နိုင်ဆုံး အဲဒီဘက်ကို တူအောင် လုပ်လာတာ တွေ့ရတယ်။
မေး။ အစ်ကို့ ငယ်ဘ၀မှာ မှတ်မှတ်ရရ ဘာများ ရှိလဲမသိဘူး။
MKM: အမြဲတမ်း အမှတ်ရစေမယ့် အဖြစ်အပျက်က ကျွန်တော့်မှာ အများကြီး ရှိတယ်။ အဲဒါကြတော့ ကျွန်တော်တို့ အရွယ်တွေနဲ့ ပြောရတာ နည်းနည်းခက်ပါတယ်။ အဲဒီတော့ ဘယ်လိုပြောရမလဲ မသိဘူး .... သြော် ဟုတ်ပြီ။ ကျွန်တော့်ကို ၉တန်းတုန်းက ကိုရဲခေါင်က Australia မှာ SAE ဆိုတဲ့ကျောင်းကို introduce လုပ်တယ်။ ကျွန်တော့်ကို ပန်းဖလက်ပေးတယ်။ အဲဒီတော့ ကျွန်တော်က အဲဒီဟာနဲ့ တော်တော်ကို အိပ်မက်တွေ တော်တော်စိတ်ကူးယဉ်တယ်။ ယဉ်ပြီးတော့ တကယ်တမ်းကို Singapore မှာလာဖွင့်တဲ့ SAE ကျောင်းက ပထမဆုံး launch လုပ်လာတယ်။ ကျွန်တော် အဲဒီ ကျောင်းထဲ ၀င်သွားတဲ့အချိန်မှာ ကိုယ် phamphlet မှာ မြင်ထားတဲ့ပုံတွေအထဲက ကျောင်းကြီးက အဲဒီအတိုင်းပဲဆိုတော့ အဲဒီအချိန်ကတော့ ကျွန်တော့်ရဲ့ excitement အဖြစ်ဆုံးအချိန်ပေါ့။ ဒီ teeanger ဘ၀မှာ စိတ်လှုပ်ရှားမှုပေါ့။
မေး။ အစ်ကို ငယ်ငယ်တုန်းက ရည်းစား ဘယ်နှစ်ယောက် ထားဘူးလဲ။
MKM: ရည်းစားလား ? ရည်းစားကတော့ ကျွန်တော့်နာမည်မျိုးကျော့မြိုင်ဆိုတဲ့ သီချင်းမှာ ရည်းစား ၃ယောက် ထားဘူးထားတယ်လို့ ကျွန်တော် ဆိုထားတယ်။ အဲဒါသဘောကတော့ တကယ်တမ်း ကျွန်တော် ချစ်ခဲ့တာ ၃ယောက် ဖြစ်မှာပေါ့နော်။ ကျန်တာကတော့ သူငယ်ချင်းတွေ ဖြစ်မှာပါ။
မေး။ အစ်ကို ဘာကို ကြောက်ခဲ့လဲ ငယ်ငယ်တုန်းက ... အကြောက်ဆုံးပေါ့။
MKM: ကျွန်တော် မြွေကြောက်ပါတယ်။ ခုတော့ ဘာအကြောက်ဆုံးလဲဆိုတော့ ကျွန်တော့် စိတ်ကို ကျွန်တော် အကြောက်ဆုံးပါပဲ။
မေး။ ကိုမျိုးကျော့ရဲ့ လူဖြစ်ရတဲ့ ဒုက္ခထဲမှာ တယ်လီဖုန်း (ဆက်သွယ်မှုဧရိယာပြင်ပ) သီချင်းကို အကြိုက်ဆုံးပဲ။ အစ်ကို ဘယ်လို အိုင်ဒီယာတွေနဲ့ သီချင်းရေးလဲ မသိဘူး။
MKM: သီချင်းတွေကတော့ ကျွန်တော့်ဘ၀မှာ ကျွန်တော် ဖြစ်တဲ့အကြောင်း၊ ကိုယ့်အကြောင်းပဲ ကိုယ်ရေးရတဲ့ အတွက် ကိုယ်တစ်ခုခု ဖြစ်ပြီဆိုရင် အဲဒါကို ကျွန်တော် ခံနေရတဲ့ အချိန်ကတော့ ရေးလို့မရပါဘူး။ ခံနိုင်ရည်ရှိသွားပြီဆိုမှပဲ ကိုယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေ ချချရေးတတ်တာပါ။
မေး။ အစ်ကိုက အခုအောင်မြင်တဲ့ အဆိုတော် ဖြစ်နေပြီဆိုတော့ နောက်တစ်ခု ဘာထပ်ဖြစ်ချင်သေးလဲ မသိဘူး။
MKM: ကျွန်တော်ဘာဖြစ်ချင်လဲဆိုတော့ .... ကျွန်တော်ဆိုတဲ့ကောင်ကလဲ ခက်တာက နေရာတကာ ပါချင်တယ်။ ဒီ music ရော၊ audio ပိုင်းရော၊ visual ပိုင်းရော ပါချင်တော့ ကျွန်တော် director ဘက်ကို သွားချင်ပါတယ်။ အဲဒီမှာမှ ကျွန်တော်က soundtrack တွေ movie တွေနဲ့ ပတ်သက်တဲ့ တကယ့် အကြီးကြီးတွေ လုပ်ချင်တယ်။
မေး။ အောင်မြင်မှု ရဖို့အတွက်က ဘာများအရေးကြီးဆုံးလဲ။ ဘာအရေးကြီးဆုံးလဲ အစ်ကို။
MKM: ကျွန်တော်ကတော့ ဘယ်လိုမျိုး ယူဆသလဲဆိုတော့ ... ကိုယ့်မှာ သူများနဲ့မတူပဲ လုပ်ပြတတ်တဲ့ဟာလေးတစ်ခု ရှိရင် ကိုယ်က အဲဒီပေါ်မှာ ယုံကြည်မှု အပြည့်ရှိဖို့။ ကိုယ့်ဟာကိုယ် အမြဲတမ်း realize ဖြစ်တာမျိုး။ ဆိုလိုတဲ့သဘောက ကိုယ့်ဟာကိုယ် ပြိုင်တယ်။ သူများတွေက ဘယ်လိုကြောင့် ဘာကြောင့်ဆိုတာ လိုက်ကိုမစဉ်းစားပဲ ကိုယ်ဘယ်နားမှာ အားနည်းသွားတယ် အားသာသွားတယ်ဆိုတာ ကိုယ့်ဟာကိုယ် အသိဆုံး။ လူဆိုတာ ကိုယ့်ရဲ့ ပြောလိုက်တာဟာပဲ ဖြစ်ဖြစ်၊ လုပ်လိုက်တဲ့ဟာပဲဖြစ်ဖြစ် ဘယ်ဟာက ဘယ်လိုဆိုတာ အသိဆုံးပါ။ ဒါပေမဲ့ သိသိကြီးနဲ့ ဝေ့နေကြတာတွေ ရှိတယ်။ ကျွန်တော်ပြောချင်တာကတော့ အဲလိုမျိုးမဟုတ်ပဲ ကိုယ့်ဟာကိုယ်ပဲ comapre လုပ်ပြီး ပြိုင်တာ့။ ကိုယ့်ဟာကိုယ် ယုံကြည်မှုဟာ အလိုလို တည်ဆောက်ထားပြီးသား ဖြစ်တော့ ကိုယ်သွားရတဲ့နေရာကိုလည်း ကိုယ်က အလိုလို သိပြီးသား ဖြစ်နေမှာပေါ့။ အဲလိုမျိုး ယုံယုံကြည်ကြည်သွားရင် ကိုယ်လိုတဲ့ အရပ်ကို ရောက်သွားနိုင်မှာပါ။
3 comments:
Thanks a lot for posting this interview.
အခုလို တကူးတက စုစည်းပေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ ။
Good to listen to this interview.
Post a Comment